Trending: 11Dreams

2011-07-01

Circle

Windows 7 Themes ပြင်ဆင်တာနဲ့ ပတ်သတ်ပြီး အတော်အသင့် ကျွန်တော် နားလည်ထားသလောက် ဒီနေရာမှာ ရေးပေးခဲ့တယ်။ ဒါပေမယ့် အသိပေးစရာလေး တစ်ချို့ရှိနေလို့ ဒီအကြောင်းကို ထပ်ရေး ဖြစ်ပါတယ်။

ဟိုအရင်တစ်နေ့က Themes တွေ Wallpapers တွေမြင်ရင် အရမ်းသဘောကျတတ်တဲ့ ကျွန်တော့် အသိတစ်ယောက်တောင်းလို့ အဲ့ဒီ့ Thread မှာ တင်ထားပြီးတဲ့ Themes ဖိုင်တွေအားလုံး ပေးလိုက်သလို သုံးဖို့ အဆင်ပြေအောင် အသုံးပြုနည်း ရေးထားသမျှကို ဖတ်လို့ ရအောင်လည်း စီစဉ်ပေးလိုက်တယ်။ ဒါပေမယ့် နောက်နေ့ သူနဲ့ ကျွန်တော် ပြန်တွေ့တော့ Themes တွေ Install လုပ်ဖို့ ကြိုးစားရင်း ဘာတွေ ဖြစ်ကုန်မှန်း မသိတော့လို့ Windows ပြန်တင်လိုက်ရသတဲ့။

ဟုတ်ပါတယ်။ ကျွန်တော် ဖော်ပြခဲ့တဲ့ Themes တွေထဲက တော်တော်များများဟာ System files တွေကို ပြင်ပြီးမှ သုံးလို့ ရတာမျိုးပါ။ အဲ့တာကြောင့် အသုံးမတတ်ရင် မသွေမုတ်ချ Windows ပြန်တင်ရပါလိမ့်မယ်။ ဒါကို ဘာလို့ အစောတည်းက အသိမပေးခဲ့သလဲလို့ ကျွန်တော့်ကို ထောက်ချင်ကြလိမ့်မယ်။ မှန်ပါတယ် တမင်သက်သက်ကို သတိပေးချက် ဆိုပြီး မပြောခဲ့တာပါ။ ဒါကလည်း အကြောင်းရှိပါတယ်။ System files တွေကို ပြင်ပြီး Themes တွေပြင်ရင်းနဲ့ ပြဿနာတက်ပြီး သုံးမရတော့တဲ့ အခါ မသကာ စက်ကို System restore ပေး ( ဒါမှမဟုတ် ) အလွန့်အလွန်ဆုံး Windows အသစ်ပြန်တင်ရယုံပေါ့။ ဒါဟာ သေမယ်မှန်း သိလျက်နဲ့ လူတစ်ယောက်ကို ကားရှေ့ မှောက်အိပ် ခိုင်းတာမဟုတ်ဘူး။ ကျွန်တော်တို့တွေ နယ်ပယ် အသစ်တစ်ခုထဲ တိုးဝင်ချင်တယ်ဆိုတဲ့အခါ အနည်းနဲ့ အများတော့ ပေးဆပ်မှု ပြုကြရတယ်။ အသစ်လည်း စမ်းချင်တယ် - အရာအားလုံးကိုလည်း အဆင်ပြေချင်တယ် ဆိုတာမျိုးတော့ ဘယ်တော့မှ မရဘူး။ အဲ့လို့ရတဲ့ အချိန်ထိစောင့်မယ်ဆိုရင်လည်း သူများသုံးပြီး ဟောင်းလို့ကျလာတဲ့ အကြွင်းအကျန်ပဲ ရလိမ့်မယ်။ ကျုပ်တို့ မြန်မာတွေ အဟောင်းသံသရာမှာ လည်နေတာ ဆယ်စုနှစ် ဘယ်နှစ်ခုတောင် ရှိပြီလဲ။

မြန်မာလူမျိုး အထူးသဖြင့် ခုခေတ် မြန်မာလူငယ်တွေက ဆုံးရှုံးရမယ် ဆိုရင်တော့ သေမလောက် ကြောက်ကြပြီး ပိုင်ဆိုင်မှုရမယ် ဆိုရင်ကျ Limitless လိုချင်ကြတယ်။ ဒီအတွေးအခေါ်မျိုးက လူငယ်မှ မဟုတ်ဘူး ခုခေတ်မှာ မိဘဖြစ်နေတဲ့ လူကြီးပေါက်စတွေထိ ရှိနေပြီ။ ဒီနည်းနဲ့သွား ကျွန်တော်တို့ ဘယ်တော့မှ နောက်ဘိတ်ကနေ တတ်နိုင်မှာ မဟုတ်ဘူး။ အသိပေးချက်တို့ သတိပေးချက်တို့ ဆိုတာတွေက ဆုံးရှုံးမှုကြီးကြီး ပေးဆပ်ရမယ် ဆိုတဲ့ အချိန်မှာ အသိပေးသင့်တာ။ သေးသေးကွေးကွေးကစပြီး ဘယ်လိုဖြစ်မယ် ညာလိုဖြစ်မယ်နဲ့ ကလေးတစ်ယောက်ကို တစ်ချိန်လုံးနောက်ကနေလိုက် အသိလိုက်ပေးနေရင် သူစိတ်ကူးထားတဲ့ အိပ်မက်က ဘယ်တော့မှ အထမြောက်မှာ မဟုတ်တော့ဘူး။ ဆုံးရှုံးမှု ဆိုတာ တစ်ခါတစ်လေတော့ ခံစားတတ်မယ် ဆိုရင် ချိုမြိန်မှုကို ပေးပါတယ်။ သူများ ပြောပြလို့ သိရတဲ့ အသိပေးချက်ထက် ကိုယ်ကိုယ်တိုင်မှားပြီး ရခဲ့တဲ့ အသိက တစ်သက်စာ စွဲမြဲစေသလို အဲ့ကလေးရဲ့ ဘဝအတွက် အနာဂတ် ရဲရင့်မှုကိုလည်း ပေးတယ်။


Photo: Donald Zolan watercolor painting of children 1-10

ကျေးဇူးပြုပြီး လူငယ်တွေရဲ့ အိပ်မက်ကို ထမြောက်ခွင့် ပေးကြည့်ပါ။ မဖြစ်စလောက် ဆုံးရှုံးမှုကို စိုးရိမ်မှုဆိုတဲ့ ခေါင်းစဉ်အကြီးကြီးတပ်ပြီး ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို မဖျက်ဆီးကြပါနဲ့။


KznT.

0 Responses to “Circle”

Post a Comment

All Rights Reserved 11Dreams | Blogger Template by Bloggermint